Wednesday, August 19, 2015

အသေတတ်တရား (သို့) သေခါနီး ထားရမည့် စိတ်နေစိတ်ထား



























 သေခြင်းတရားဟာ အသက်အရွယ် ကြီးကြီးငယ်ငယ် ဘယ်သူမဆို ရင်ဆိုင်ကြရမှာချည်းပါ။ အနေတတ်သော်လည်း အသေမတတ်ရင် မကောင်းတဲ့ လားရာ ဂတိနိမိတ်တွေပေါ်ပြီး ဆင်းရဲရတဲ့ အပါယ်ဘုံများကို ရောက်တတ်ကြရပါတယ်။ ဥပမာ...

သီရိဓမ္မာသောက မင်းကြီး
**********************
အာသောကမင်းကြီး ဟာ အိန္ဒိယနိုင်ငံတစ်ခွင် စေတီဘုရားကျောင်းကန် သူ့လောက်လှူဒါန်းခဲ့သူမရှိပါဘူး။ ဒါပေမယ့် သေခါနီးချိန်လေးမှာ ဆီးဖြူသီးတခြမ်းကိုသာ စားသုံးရသည်ဟု ပူပန်မှုနောင်တနှင့့်အတူနှလုံးမသာမယာဖြစ်ခြင်း၊ ဘုရင်ဘဝကိုဆုံးရှုံးမှုနှင့်အတူ စိတ်နှလုံးပူလောင်မှုကြောင့်စပါးကြီးမြွေဖြစ်သည်ဟုအဆိုရှိပါသည်။

ကောသလမင်းကြီးရဲ့ မိဘုရားခေါင်ကြီး
****************************
သူမဟာ ဘုရားရှင် လက်ထက်တော်က သူ့လောက် အလှူဒါနပြုခဲ့သူ မရှိအောင် အလှူဒါနပြုလုပ်ခဲ့သူပါ။ ဒါပေမယ့် သေခါနီးမှာ ဒေါမနဿဝေဒနာနဲ့ ဘဝနိဂုံးချုပ်သွားရတဲ့အတွက် အပါယ်ငရဲမှာ လူဘုံအားဖြင့် ရေတွက်ရင် ရရက်တိုင်တိုင် ကျရောက်ခဲ့ရပါတယ်။

ဒါ့ကြောင့် ဒါနသီလသမထလောက်နဲ့အပါယ်တံခါးမပိတ်သေးဘူး။ ဝိပဿနာအလုပ်ကိုကြိုးစားအားထုတ်ကြဖို့ပြောချင်တာပါ။

သေခါနီးအချိန်လေးမှာ...
*****************
အစွဲအလမ်း သုံးမျိုးကို ဖြုတ်ထားပေးပါ။
၁။ မိမိခန္ဓာကိုယ်နှင် ခွဲခွါရတော့မည့်အတွက် ဤခန္ဓာပေါ်၌ အစွဲအလမ်းဖြုတ်ပေးပါ။
၂။ ဇနီး မယား သမီးသား မိတ်ဆွေများနှင့် ခွဲခွါရတော့မည့်အတွက် ထိုသူတွေပေါ်၌လည်း အစွဲအလမ်းဖြုတ်ပေးပါ။
၃။ ပိုင်ဆိုင်ထားသော ရာထူးဂုဏ် ပစ္စည်းဥစ္စာများနှင့်လည်း ခွဲခွါရတော့မည့်အတွက် ထိုအရာများပေါ်၌လည်း အစွဲအလမ်းဖြုတ်ပေးပါ။

သေနည်း
*******
အစွဲအလမ်း သုံးမျိုးအပြင် မိမိပြုလုပ်ခဲ့သော ကုသိုလ်အာရုံ အကုသိုလ်အာရုံတွေကိုလည်း စဉ်းစားတွေးတောမနေဘဲ...

စိတ်ကြည်ကြည်လင်လင်ဖြင့်သာ ဝိပဿနာကုသိုလ်စိတ်ထားပြီး "ခန္ဓာမှာ ပေါ်လာတဲ့ ဝေဒနာကို စိတ်အားစိုက်ပြီး မမြဲခြင်း အနိစ္စ (သို့) ပျက်စီးဆင်းရဲတဲ့ ဒုက္ခ (သို့) တားဆီးမရတဲ့ အနတ္တ သဘောဟု အစဉ်ရှုမှတ်ပေးထားလိုက်ပါ။" သေခါနီး ဖြစ်တဲ့အတွက် ဝေဒနာဟာ အတော်ကလေးပြင်းပြပါလိမ့်မယ်။ ထိုစဉ် "ဝေဒနာကို ဝေဒနာဟု မမြင်ဘဲ မမြဲတဲ့ အနိစ္စ သက်သက်ပဲမြင်ပေးပါ။ ပျက်စီးနေတဲ့ ဒုက္ခသက်သက်မြင်ပေးပါ။ တားဆီးမရတဲ့ အနတ္တ သက်သက်ပဲမြင်ပေးပါ။"
ဒီလိုမျိုး ဝိပဿနာကုသိုလ်အာရုံ ကိုပြောင်းလိုက်တဲ့အတွက် နိဗ္ဗာန်နဲ့နီးပြီး အပါယ်ဘုံတွေနဲ့ဝေးသွားပါလိမ့်မယ်။
လှူဒါန်းခဲ့တဲ့ ဘုရားကျောင်းကန်တွေအပေါ်အာရုံထားလိုက်ရင် စိတ်စွဲလမ်းနေရင် တဏှာ ဥပါဒါန် ကံ အပါယ်ဇာတိဖြစ်ပြီး အဲဒီအဆောက်အအုံတွေမှာ ပြိတ္တာကြီးတွေ သွားဖြစ်နေတတ်ပါတယ်။
ဘုရားလက်ထက်က နှမလှူတဲ့ သင်္ကန်းပေါ်စွဲပြီး သန်းကြီးဖြစ်နေပါသေးတယ်။

ဝိပဿနာကုသိုလ်သည်သာ အကောင်းဆုံး
*******************************
အဓိကကတော့ သေခါနီးမှာ ကောင်းတဲ့ကံတွေ ပြုလုပ်နေဖို့ပါပဲ။ သေခါနီးမှာ ဝေဒနာပြင်းပြတာကြောင့် ကောင်းတဲ့ ကာယကံ၊ဝစီကံ တွေမလုပ်နိုင်တော့တဲ့ အတွက် "မနောကံကုသိုလ် တစ်မျိုးပဲ ကျန်ပါတော့တယ်။" ဒါ့ကြောင့် မနောကံ ကုသိုလ်ဖြစ်တဲ့ ဝိပဿနာကုသိုလ်ပြုဖို့ အဓိက လိုအပ်နေခြင်းပါ။

အလှူဒါနတွေ အပေါ်အာရုံပြုချင်ရင် တဏှာစွန့်ပြီး လှူဒါန်းလိုက်တဲ့ စွန့်လွှတ်လိုက်တဲ့ အလောဘ ကုသိုလ်စိတ်လေးကို ပွားနေဖို့ပါပဲ။ အပွားမတတ်ရင်တော့ လူချမ်းသာ နတ်ချမ်းသာ လိုချင်တဲ့ တဏှာလာတတ်လို့ ဒီတဏှာက အပါယ်ဘုံကို တွန်းပို့တတ်ပါတယ်။
ဒါ့ကြောင့် ဝိပဿနာကုသိုလ်ပြုခြင်းသည်သာ အကောင်းဆုံး သေနည်းဖြစ်လို့နေပါတော့တယ်။

သုဂတိ ဒုဂတိ ရောက်သူပမာဏ
************************
ဘုရားရှင်က သုဂတိဘုံ ရောက်သူများမှာ လက်သည်းခွံပေါ်မှ မြေမှုန့်ပမာဏခန့်သာရှိပြီး ဒုဂတိဘုံ ရောက်သူများမှာ မဟာပထဝီ မြေကြီး ပမာဏခန့်ရှိတယ်လို့ ဥပမာပြ ဆုံးမ ဟောမိန့်ထားခဲ့ပါတယ်။ အချိုးအဆမှာ အလွန်ကွာဝေးလှပါတယ်။ အသေမတတ်လို့ အပါယ်ရောက်သွားကြလို့ အသေတတ်ဖို့ အလွန်အရေးကြီးလှပါတယ်။

အားလုံး အသေတတ်ကြပါစေလို့ အသေတတ် တရားမျှဝေရင်း အသေတတ်ကြပါစေလို့ ဆုတောင်းပြုလိုက်ပါတယ်။
မမိုးသျှစ်ခိုင်မှ ရေးသားပူဇော်ပါ၏။ _/\_ _/\_ _/\_ ၁၆ - ၅ - ၂၀၁၅



Posted By

<<  Zaw Lay  >>

Ko Ko Zaw ( BE-EC )         www.htarwaiethar.org

0 comments:

Post a Comment